သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ?

“သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့…”
“ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..
အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ….”

ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏
အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏…အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့…ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်…

သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်
ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်….ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်….
နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး
ဖြစ်ခဲ့ရသည်…ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့….
သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့…

ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် “သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ “ဆိုသည့်
အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်…
သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးတတ်သည့်အချိန်များကို သားမမှတ်မိတော့….
သားလက်သည်းခြေသည်းလေးတွေကို
တပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ…
တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့…..
ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်…သို့သော် “ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလား
သားမအားဘူး”ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်…..

ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်…ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်း
သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်… ခုချိန်
ဘုရားသွားချင်၍ “သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား”ဟူသော မျှော်တလင့်လင့်အမေးကို
အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်….
သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို “မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ ” ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်…. မိမိ အတွက် သားမေးတိုင်း
ကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသော
ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ
အမောတစ်ခုဟု မထင်မှတ်ခဲ့…..ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို
ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး…
သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှ
ထွက်ကျ လာသည့် ” ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ “ဆိုသောစိတ်မရှည်သောသား၏အော်သံသည်
မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်….
သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်…
သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်…သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ “အမေကလည်းတရားခွေတွေ ရှိတာပဲ
နားထောင်ပါလား ” ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသော
သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်…. သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်…
မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏
နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့…
ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ကလေးဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ….
အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှ
မွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်….
ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်…

သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်…ကြင်နာမှုကို လိုချင်မိသည်..

သား၏မေတ္တာကို မျှော်လင့်မိသည်….မိမိဘ၀၏ နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်….

သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်….မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူး
ဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို
ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ……………….

“သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်”

FROM – FB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s