တစ္ဆေပုံပြင်

မန္တလေးတိုင်း ….မြင်းခြံခရိုင်….မြင်းခြံမြို့အရှေ့မြောက်ဖက်ရှိ….ချောင်းဒေါင်းကျေးရွာ(ယခု အမှတ် ၂၀ ရပ်ကွက်)

အနီးတွင် ဖြစ်၏…။

ချောင်းဒေါင်းကျေးရွာ၏ အရှေ့ဖက်တွင် ချောင်းဒေါင်းသုဿာန်ရှိ၏….။

ချောင်းဒေါင်းသုဿာန်၏ အရှေ့ဖက်တွင် အလွန်ကျယ်ဝန်းသော ဇီးခြံတစ်ခြံရှိလေ၏….။

ထိုဇီးခြံတွင် အလွန်အင်မတန်မှ အောင်မြင် ဖြစ်ထွန်းသော ဇီးပန်းသီးနှင့် ဇီးကြက်ဥအပင်များမှာ အသီးအပွင့်များဖြင့်

ဝေစာစွာရှိလေတော့သည်….။

ထိုဇီးခြံ၏ ပိုင်ရှင်ဖြစ်သူမှာ ပွဲတိုင်းကျော် ဖြစ်ပေသည်…။

ပွဲတိုင်းကျော် အတော်စိတ်ညစ်နေ၏…။

အဘယ့်ကြောင့်ဆိုသော်….ခုတလော သူ၏ဇီးခြံတွင် ညဖက် အချိန်၌ တစ္ဆေ သောင်းကျန်းနေသောကြောင့်ပင် ဖြစ်၏….။

ဖြစ်ပုံမှာ ဤသို့ပင်ဖြစ်သည်……။

ပွဲတိုင်းကျော်သည် ဇီးပန်းသီးနှင့် ဇီးကြက်ဥများလှိုင်လှိုင်သီးနေသော အချိန်ဖြစ်သဖြင့် အဖိုးတန်သော ဇီးသီးများကို

သူခိုးသူဝှက်များ ညဖက်လာခိုးမည်စိုးသောကြောင့် ကင်းစောင့်ရလေ၏…။

ကင်းစောင့်ရင်း ညဉ့်နက်သန်းခေါင်တွင် ဗိုက်ဆာသောအခါ စားရန် ညဉ့်လယ်စာ စားလေ့ရှိ၏….။

ပြဿနာမှာ …..

ပြီးခဲ့သည့် သုံးလေးရက်မှ စတင်ခဲ့ခြင်း ဖြစ်၏….။

ပွဲတိုင်းကျော် ညဉ့်လယ်စာစားရန် ချက်ထားသော ထမင်းနှင့်ဟင်းများမှာ သူမစားခင် ဘယ်သူလာစားသွားမှန်းမသိပဲ

ပြောင်တလင်းခါ ဖြစ်သွားသောကြောင့် စိတ်တော်တော်ဆိုး၍နေလေသည်….။

နောက်ရက်တွင်လည်း ထိုနည်းတူစွာပင် တက်တက်ပြောင်ပြန်လေသည်….။

တတိယမြောက်နေ့တွင် ထမင်းဟင်း ခိုးစားသော သူခိုးအား ပွဲတိုင်းကျော် သေချာစွာ စောင့်ဖမ်းလေတော့သည်….။

စိတ်ရှည်လက်ရှည် စောင့်နေရင်း တဖြည်းဖြည်းနှင့်…….

ည သန်းခေါင် အချိန်လောက်တွင်………… မီးဖိုချောင်ဖက်မှ…..ဂလုံဂလွမ် အသံ ကြားလိုက်ရလေသည်…..။

ထမင်းအိုး ဟင်းအိုးတွေ လာနှိုက်လေဟန်တူ၏….။

အသာငြိမ်နေလိုက်ကာ … မီးဖိုချောင်ဆီ သေချာစိုက်ကြည့်၍ အခြေအနေကို စောင့်ကာနေလေ၏….။

မကြာပါ….

မီးဖိုချောင်ဆီမှ….ဖြူဖြူအရိပ်တစ်ခု ပြေးထွက်လာလေ၏….။

မီးဖိုချောင် အနောက်ဖက်ရှိ ထန်းပင်ရှိရာပြေးသွားကာ…..ထန်းပင်ပေါ်သို့ လျှင်မြန်စွာ တက်ရောက်

ပျောက်ကွယ်သွားတော့လေ၏….။

ပွဲတိုင်းကျော် မီးဖိုချောင်ထဲ ၀င်ရောက် စစ်ဆေးကြည့်သောအခါ…ထမင်းအိုး ဟင်းအိုးများမှာ…

ထုံးစံအတိုင်း တက်တက်ပြောင်နေပါတော့သည်….။

တရားခံကား တွေ့လေပြီ………

……………………………. xxxxxxxx …………….. xxxxxxxx …………………………………

အထက်လမ်းဂိုဏ်းဆရာ “ရူးကြောင်မူးကြောင် အူစီမောင်” သည် ဇီးခြံပိုင်ရှင် ပွဲတိုင်းကျော်၏

ပြောပြသော အဖြစ်အပျက်များကို သေချာစွာ နားထောင်ပြီး တစ္ဆေဖြူ အကောင်အား နှိမ်နင်းရန်

အကြံထုတ်လေတော့၏….။

အခင်းဖြစ်ပွားရာ ထန်းပင်နှင့် မီးဖိုချောင် နေရာတစ်ဝိုက်အား သေချာစွာ လေ့လာတော့၏….။

အတန်ကြာလေ့လာပြီးသောအခါ….ဆရာ “ရူးကြောင်မူးကြောင် အူစီမောင် ” သည် တစ္ဆေဖြူအား

နှိမ်နင်းရန် နည်းလမ်းတွေ့သွားလေ၏…။

“ကဲ…တပည့်ကျော် ဘီဂါးနဲ့ ပွဲတိုင်းကျော်….အပြင်ခဏထွက်ပေးကွာ….ဆရာ ဒီမီးဖိုချောင်ထဲမှာ

တစ္ဆေဖမ်းမလို့ စီမံဆောင်ရွက်စရာလေးတွေ လုပ်မလို့ကွ…”

“ဟုတ်….ဟုတ်ကဲ့ဆရာ…”

………………….xxxxxxx ……………………………..xxxxxxx ……………………………………

ညသည် တိတ်ဆိတ်လှပေသည်…..။

မြို့နှင့် အလှမ်းအနည်းငယ်ဝေးပြီး သုဿန်၏ အရှေ့ဖက်တွင်ရှိသောကြောင့် လူအသွားအလာပြတ်ကာ

ပိုမိုတိတ်ဆိတ်ကာနေတာ့သည်…။

တစ်ခါတစ်ခါ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြောင့် အသဲငယ်သူများအဖို့ စိတ်ခြောက်ခြားဖွယ်

ကောင်းလှပေတော့၏…။

ပွဲတိုင်းကျော်တို့ အုပ်စုမှာ ထန်းပင်နှင့် မီးဖိုချောင်အားမြင်ရသော မလှမ်းမကမ်းရှိ စပယ်ရုံအနီး ….

ရေကန်ဘေးတွင် ညဦးကတည်းက နေရာယူစောင့်စားကာ အခြေအနေကို လေ့လာနေကြ၏….။

နာရီအတန်ကြာ…..ညဉ့် သန်းခေါင် အချိန်ခန့်ရောက်လာသောအခါ…….

ထူးခြားမှု့ကို စတင်မြင်လိုက်ရသည်….။

ထန်းပင်ထိပ်ဖျားမှ….လူလိုလို…အကောင်လိုလို….ဖြူဖြူအရိပ်ကြီးသည်….တဖြည်းဖြည်းချင်း

ဇောက်ထိုး ဆင်းလာလေ၏….။

ထန်းပင်အောက် ရောက်သောအခါ မီးဖိုချောင်ဖက်သို့ လျှင်မြန်စွာ ၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်…..။

သိပ်မကြာခင်မှာပင်…..

ဂလုံဂလွမ် အသံများကြားလိုက်ရလေသည်…။

“အား…….”

မချိမဆန့် ဝေဒနာ ခံစားရသဖြင့် ….ကျယ်လောင်စွာ အော်လိုက်သော… ခြောက်ခြားဖွယ်ရာ အသံဆိုးကြီးကို

ကြားလိုက်ရလေတော့သည်…..။

ဘီဂါးနဲ့ပွဲတိုင်းကျော် လန့်သွားကာ ရုတ်တရက် ထပြေးတော့မလို ဖြစ်သဖြင့်……

ဆရာ “ရူးကြောင်မူးကြောင်အူစီမောင်” က နှစ်ယောက်စလုံးကို ဂုတ်ဆွဲထားကာ….

“ဟေ့ကောင်တွေ…ခဏနေဦး….ဟိုမှာ ကြည့်စမ်း…”

မီးဖိုချောင်ထဲမှ….လူလိုလို…အကောင်လိုလို….တစ္ဆေဖြူကြီးသည်….ဒရီးဒယိုင်နှင့် ထွက်လာကာ ….

ထန်းပင်ပေါ်သို့ အပြေးတက်လေတော့၏…။

တက်ရင်းတက်ရင်း ….အရှိန်နှေးလာကာ ထန်းပင်ထိပ်ဖျား ရောက်ခါနီးတွင် မဟန်နိုင်တော့ပဲ..

ဝုန်းကနဲပြတ်ကျလေတော့၏….။

“ဟေ့ကောင်ဘီဂါး….ထန်းပင်အောက် ဘာရှိလဲ…ဓါတ်မီးနဲ့ထိုးပြီး သွားရှာစမ်း…”

“ဟုတ်…ဟုတ်ကဲ့ဆရာ…”

တပည့်ကျော် ဘီဂါး ချက်ချင်းပြေးကာ ဓါတ်မီးနှင့်ထိုးကာ ရှာလေ၏…..။

“ဆရာ…ဆရာ…ပုတ်သင်ညို အသေတစ်ကောင်တွေ့တယ် ဆရာ….”

“အေး….ဒါဆို ပွဲပြီးပြီ….ကဲ..ပွဲတိုင်းကျော်ရေ.. ဒီနေ့ကစပြီး…အေးဆေး နေပေတော့..

မင်းကိုဒုက္ခပေးနေတဲ့ တစ္ဆေတော့ ဂန့်သွားပြီ…”

“ကျေးဇူးတင်လိုက်တာ ဆရာရယ်…. ဆရာက တော်တော်စွမ်းတာပဲ…”

“ဒါနဲ့ ဆရာ…ဘယ်လိုနှိမ်နင်းလိုက်တာလဲ…အင်းလား..လက်ဖွဲ့လား…ပရိတ်ရေလား..”

“ဘာမှမဟုတ်ဘူးကွ…လွယ်ပါတယ် …နည်းလမ်းက..”

“ပြောပါဆရာ…ဘယ်လိုလုပ်လိုက်တာလဲ…”

“သြော်…မင်းဇီးပင်တွေ ဖျန်းတဲ့… မြန်မာ့သြဘာ ပိုးသတ်ဆေးကို ထမင်းအိုး ဟင်းအိုးတွေထဲ

အကုန်ထဲ့လိုက်တာလေ…”

“တိန်…”

…………………………………………………………………….
ရယ်မောပျော်ရွှင်နိုင်ကြပါစေ……
ဝင်းမြင့်အောင်(၆.၁.၂၀၁၃)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s